Drawing and Lineweight


ပုံတွေ စဆွဲတော့ default lineweight တွေနှင့်ပဲ ဆွဲကြတာ များပါတယ်။ ရိုးရှင်းတဲ့ drawings တွေဆို ကိစ္စ မရှိပေမယ့် အတိုင်းအတာတွေ ရည်ညွန်းချက်တွေ များတဲ့ drawings တွေဆို lineweight တစ်ခုထဲနှင့် ဆွဲတာမှာ မျက်စိထဲ ရောထွေးပါတယ်။ အထူးသဖြင့် အိမ်ရှင်တွေလိုမျိုးကို ပြတဲ့အခါ သူတို့မှာ ကွဲကွဲပြားပြား မမြင်ကြပါဘူး။ drawing တစ်ခုမှာပါတဲ့ အစိပ်အပိုင်းတွေဟာ သူ့အပိုင်းနှင့်သူ ထင်ရှားကွဲပြားနေရပါမယ်။ အဲဒါမျိုးရဖို့ မတူညီတဲ့ အစိပ်အပိုင်းများကို မတူညီတဲ့ lineweights တွေနှင့် ခွဲခြား ဆွဲပေးရမှာပါ။

သက်ဆိုင်ရာ အဖွဲ့အစည်းတွေက သတ်မှတ်ပြဌန်းထားတဲ့ Computer Aided Drafting CAD standard တွေမှာ lineweights တွေကို အတိအကျ သတ်မှတ်ပေးထားပါတယ်။ အဲဒီဟာတွေကို ယူသုံးတဲ့အခါ သတ်မှတ်ထားတဲ့ layers တွေ lineweight တွေနှင့် ရပါမယ်။ အဲလိုဟာတွေ မသုံးဘူး ဆိုရင်လဲ think line အထူ medium line အလယ်အလတ် thin line အပါး ဆိုတာလောက် သုံးနိုင်ရင်ကို မဆိုးပါဘူး။

အဆောက်အအုံတစ်ခုကို floor plan ဆွဲတယ် ဆိုတာက နံရံကို section ဖြတ်ပြီး အပေါ်တည့်တည့်က ကြည့်တဲ့သဘောပါ။ နံရံရဲ့ ဘယ်အမြင့်က ဖြတ်သလဲ ဆိုတာမှာ တစ်ချို့က 1m လို့ ပြောပြီး တစ်ချို့က ၄ပေလို့လဲ ပြောပါတယ်။ ဘာပဲ ပြောပြော window ပြူတင်းပေါက် level လောက်က ဖြတ်တဲ့ သဘောပေါ့။ အဲဒီ သဘောတရားအရ section ဖြတ်သွားတဲ့ တိုင်တွေ နံရံတွေ တံခါး ပြူတင်းတွေက ထင်ရှားနေရမှာ ဖြစ်ပြီး တခြားအစိပ်အပိုင်းတွေက ပုံမှန်မြင်ရမှာ ဖြစ်ပါတယ်။ နောက်ပြီး အပေါ်မှာ ရှိတဲ့ အစိပ်အပိုင်းတွေ ဥပမာ roof projection line ခေါင်မိုးလိုင်း စတာတွေကို dashed line လိုမျိုး နှင့် မြင်ရမှာပါ။ တကယ်တမ်း အတိအကျ ပြောမယ် ဆိုရင်တော့ တစ်ချို့အစိပ်အပိုင်းများ ဥပမာ fanlight တွေ shower head တွေက hidden line နှင့် ဖြစ်ပါမယ်။ ဒါပေမယ့် မြင်သာအောင် ထည့်ဆွဲလိုက်ကြတာပါပဲ။

အဲဒါကြောင့် တိုင်တွေ နံရံတွေကို thick line တံခါး ပြူတင်းတွေကို medium line ကျန်တာတွေကို thin line နှင့် ယေဘုယျအားဖြင့် ရေးဆွဲလို့ ရပါတယ်။ ရေးဆွဲရာမှာ သက်ဆိုင်ရာ အစိပ်အပိုင်းအလိုက် ဥပမာ column wall door window dimension  စသဖြင့် layers တွေခွဲ layers တွေအလိုက် lineweight တွေ သတ်မှတ် ရေးဆွဲနိုင်ပါတယ်။ AutoCAD ရဲ့ default lineweight က 0.25mm ဖြစ်ပါတယ်။ ရေးဆွဲပြီးတဲ့အခါ ပုံမှန် lineweight တွေ မခွဲပဲ ရေးဆွဲတဲ့ပုံနှင့် မတူပဲ ကြည့်လိုက်တဲ့အခါ ရှင်းရှင်းလင်းလင်း ပေါ်လွင်တာကို တွေ့ရပါမယ်။

အဲလို သဘောတရား အတိုင်းပဲ section drawings တွေ detailed drawings တွေ ဆွဲရာမှာလဲ သက်ဆိုင်ရာ အစိပ်အပိုင်းအလိုက် lineweights တွေခွဲ ရေးဆွဲနိုင်ပါတယ်။

Beam plan တွေ ဆွဲရာမှာ floor plan တွေလိုပဲ ထင်ကြတယ်။ အမှန်က floor plan တွေက architectural plan တွေ ဖြစ်ပြီး beam plan တွေက structural plan တွေ ဖြစ်တယ်။ floor plan တွေက အဆောက်အအုံရဲ့ ပြူတင်းပေါက်လောက်ကနေ section ဖြတ်ပြီး အပေါ်က တည့်တည့် ကြည့်တာ ဖြစ်တယ်။ beam plan တွေက သက်ဆိုင်ရာ beam plan တွေ အောက် column တိုင်ကို structural frame only section ဖြတ်ပြီး အောက်က ကြည့်တာ။ ဒါပေမယ့် plan drawing သဘောအရ floor plan လို ဆွဲရတာ ဖြစ်တယ်။ အဲဒါကြောင့် column တိုင်တွေက thick line ဖြစ်နေမှာ ဖြစ်ပြီး beam တွေ slab တွေက ပုံမှန်လိုင်း ဖြစ်မယ်။ grid line တွေကို thin line နှင့် ဆွဲနိုင်တယ်။ နောက်ပြီး အောက်က မြင်တဲ့ သဘောဖြစ်လို့ main beam နှင့် secondary beam တွေက depth မတူတော့ ဆက်ရာမှာ လိုင်းပါမယ်။


Post a Comment

0 Comments