Live Loads

ရိုးရိုးလေး ပြောရရင် Dead Load လည်းမဟုတ်၊ Environmental Loads တွေ လည်းမဟုတ်၊ Construction Loads တွေလည်း မဟုတ်တဲ့ ဝန်ရှင် လို့ ဆိုပါစို့။ ဆိုလိုတာက အခိုင်အမာ တတ်ဆင်ထားတဲ့ ဝန်သေ Dead Load လည်းမဟုတ်၊ ပတ်ဝန်းကျင် က လာတဲ့ လေ၊ မိုး၊ နှင်း၊ ငလျင်၊ ရေအား စတဲ့ Environmental (Wind, Rain, Snow, Earthquake, Flood) Loads တွေ လည်း မဟုတ်တဲ့ ဝန် အလေးချိန် (သို့) သက်ရောက်မှု အားတွေ ကို ဝန်ရှင် Live Loads တွေ လို့ ခေါ်ပါတယ်။

နာမည်နဲ့ အလိုက် ပုံသေဝန် မဟုတ်ပဲ Structure ရဲ့သက်တမ်းတစ်လျောက် အနိမ့်အမြင့် အနည်းအများ ပြောင်းလဲ လေ့ရှိပါတယ်။ နောက် ပုံမှန်နေ့စဉ် အသုံးပြုမှုတွေ ကြောင့် ရှိနေနိုင်တဲ့ အပိုင်းရှိသလို ရံဖန်ရံခါ ပြောင်းလဲလေ့ ရှိတဲ့ အပိုင်းတွေ (ဥပမာ၊ remodel / temporary storage, similar events) တွေ ရှိနိုင်ပါတယ်။ အနည်းဆုံး စဉ်းစားပေးရမဲ့ တန်ဘိုးတွေ ကို IBC Table 1607 မှာ ပေးထားပါတယ်။ (ဒီ တန်ဘိုးတွေ က ASCE 7 ကို အခြေခံတာ ဖြစ်ပါတယ်။)

အနည်းဆုံး စဉ်းစားပေးရမယ့် တန်ဘိုးဆိုတာ ကို သတိထားမိဘို့ လိုအပ်ပါတယ်။ လှေနံဓားထစ်သုံးဘို့ မဟုတ်ပါဘူး တကယ်လုပ်မဲ့ ပရောဂျက် ပေါ်မူတည်ပြီး ဝန်ပိုတင်မှာမို့ ပိုပြီး အခြေခံတန်ဘိုးမှာ လိုအပ်မယ်ဆိုရင် ပိုယူရပါမယ်။ Load Reductions အပိုင်းက သီးသန့် ခွဲစဉ်းစားရမှာပါ။ ဒီဇယား ထဲ မှာ မပါတဲ့ Live Loads တွေ ကိုတော့ Building Officials တွေ လက်ခံသဘောတူမဲ့ နည်းလမ်း သုံးပြီး (တန်ဘိုး) ကို ဆန်းစစ် ရယူရပါမယ်။

နောက် ဒီဇယားမှာ ပါတဲ့ Structure Elements တွေ (ဥပမာ၊ Ladder, Stairs, Handrails) ဆိုတာ ကလည်း ဒီ Structure တွေထမ်းရမဲ့ Live Loads ကိုပဲ ရည်ညွှန်းတယ် ဆိုတာကို ကွဲကွဲပြားပြား သိနေဘို့ လိုအပ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်အလေးချိန် အပါအဝင် Dead Loads (D) နဲ့ မရောထွေးမိစေဘို့ အရေးကြီးပါတယ်။ Floor Live Load ရဲ့ အစိတ်အပိုင်း တွေ ထဲမှာ 1) Uniformly Distributed, 2) Concentrated and 3) Impact Floor Live Load တွေ ဆိုပြီး ခွဲခြားဆန်းစစ်နိုင်ဘို့ လိုအပ်ပါတယ်။

ဇယားမှာ အချို့နေရာတွေ (ဥပမာ Offices / ရုံးခန်းတွေ) မှာ 1) Uniformly Distributed Loads, 2) Concentrated Loads, နှစ်ခု ပေးထားတာ ကို တွေ့နိုင်ပါတယ်။ ဒီအခါ နှစ်ခု လုံးကို တစ်ပြိုင်တည်း စဉ်းစားဘို့ မလိုအပ်ပဲ ဒီနှစ်ခု ကို တစ်လှည့်စီ ပေးကြည့်ပြီး ဘယ်သင်း က Maximum Effects, (Greater Load Effects) ပေးမလဲ ဆန်းစစ်ရပါတယ်။

Concentrated Live Load

Concentrated Load လို့ သတ်မှတ်ပေမဲ့ Point Load မဟုတ်ပါဘူး။ ဧရိယာ အနည်းပေါ်မှာ သက်ရောက်တဲ့ Concentrated Uniformly Distributed Load မို့ psf (kN/m2) တော့ပိုများပါတယ်။ ဧရိယာ ဘယ်လောက်ယူ လို့ သတ်သတ်မှတ်မှတ် ပေးမထားရင် Concentrated Loads ဆိုတာ 2.5 ft x 2.5 ft ဧရိယာ ပေါ်မှာ Uniformly Distributed လို့ ယူပြီးတွက်ရမယ်လို့ သတ်မှတ်ပေးထားပါတယ်။ သို့ပေမဲ့ ကား (ဘီး)၊ ရဟတ်ယာဉ်၊ နဲ့ လှေကားထစ် အနင်းတွေ မှာ ဧရိယာ အများကြီး ပိုနည်းပါတယ်။ ကားပါကင်၊ ကားရပ်မဲ့ နေရာတွေ ဆိုရင် Wheel Loads ကို 4.5in x 4.5in ဧရိယာ၊ အလားတူ ရဟတ်ယာဉ်အတွက် Helipads အတွက်လည်း သတ်မှတ်ထားတဲ့ Concentrated Live Loads တွေကို 4.5in x 4.5in ဧရိယာ၊ တစ်ခု အပြင် 8 ft ခြား နေရာ နှစ်ခု အတွက် 8 in x 8 in စဉ်းစားပေးရပါလိမ့်မယ်။ လှေကားအနင်း မှာတော့ 2in x 2in ဧရိယာ ဖြစ်ပါတယ်။ (ဧရိယာ နည်းတဲ့အတွက် psf အဆတိုးတက်လာတာ ကို သတိမူနိုင်ဘို့ဖြစ်ပါတယ်။)

Impact Loads

ရွေ့လျားနိုင်တဲ့ ကား၊ ထရပ်ကား၊ ဘတ်စ်ကား တွေ၊ ပစ္စည်း၊ Forklift တွေ, ဓာတ်လှေကား Elevators, ဂွန်ဒိုလာ၊ Bridge Crane တွေ နဲ့ Movable Equipment တွေ အတွက် Impact & Fatigue ကို ထည့်စဉ်းစားပေးရပါတယ်။
ကားတွေ၊ Forklift တွေ မှာ Wheel Load ကို Impact အတွက် 30% အပိုဆောင်းထည့်ပေးရပါတယ်။
ဓာတ်လှေကား နဲ့ ဂွန်ဒိုလာ တွေ မှာ Unusual Vibrations & Impact Force ပါနိုင်တာမို့ ဒီထက်ပိုပြီး လိုအပ်မဲ့ အခြေအနေ တွေ ကို လည်း ပြဌာန်းထားပါတယ်။
.
Live Loads တွေ မှာ Gravity (Vertical) Direction တင်လား ဆိုတော့ မဟုတ်ပါဘူး။ Lateral ဘေးတိုက်ဝင်တဲ့ အခြေအနေ တွေ လည်း ရှိပါတယ်။ Grab bars ဆိုရင် Any Direction (အရပ် ၈ မျက်နှာတင်မက အထက်အောက်)၊ Vehicle Barrier တွေ ဆိုရင် လည်း အရှိန်နဲ့ ဝင်တိုက်တဲ့ ဒါဏ်ခံနိုင်အောင် စဉ်းစားပေးရပါတယ်။
.
1607.12 Distribution of Floor Loads အရ။
Continuity, Continuous System (eg. Multiple Span Continuous Slab) အခြေအနေ မှာ Span အားလုံး ကို Full Dead Loads ပြီးတော့ အချို့ Span တွေ ကို Floor Live Loads တင်ပြီး ဆန်းစစ်ဘို့ လိုအပ်ပါတယ်။ ဒီနေရာ မှာ လည်း သတ်မှတ်ထားတဲ့ ဘောင်ဝင်ရင် Live Load Reduction ခွင့်ပြုပါတယ်။
ဥပမာ။ ။ 3-Span Continuous System မှာ Span 2 ခုကို D+L, ကျန်တဲ့ တစ်ခု ကို D ပေးကြည့်ပြီး Greatest Load Effects ဖြစ်စေမလဲ ဆန်းစစ်ပေးရပါမယ်။ (အတွဲ 6 တွဲ ရပါမယ်)
No Span 1 - Span 2 - Span 3
1) D+L, D+L, D
2) D+L, D, D+L
3) D, D+L, D+L
4) D, D, D+L
5) D, D+L, D
6) D+L, D, D
.
Reduction in Uniform Live Loads

ဒီအပိုင်း က ဘယ်အခြေအနေ မှာ လျှော့ယူချင် ယူနိုင်ဘို့ ခွင့်ပြုတယ် လို့သတ်မှတ်ပေးထားတဲ့ အပိုင်းပါ။ ဈေးသက်သာဘို့၊ ဒီဇိုင်း Load လျှော့ဘို့ အခွင့်အရေး မို့ အချို့က ဒီအပိုင်း ကို စိတ်ဝင်စားကြ၊ အသုံးချချင်ကြပါတယ်။ ဒီအပိုင်း ကို အသုံးချ နိုင်ဘို့ အတွက် ချွင်းချက်တွေ၊ စည်းကမ်းတွေ ရှိတာ ကို မျက်စေ့လျှမ်း ပြီး အတင်းလျှော့ဘို့ ကြိုးစားချင်ကြပါတယ်။

ကုဒ်က လျှော့နိုင်ဘို့အခွင့်အရေး ပေးထားပေမဲ့ ဘယ်အချက်တွေ နဲ့ ပြည့်စုံရမယ် ဆိုတာကို ပါ သတ်မှတ်ပေးထားတာ သတိမူကြစေချင်ပါတယ်။ နောက်လျှော့ချင်တိုင်း လျှော့လို့ လည်း မရပါဘူး။ ကုဒ်မှာ သတ်မှတ်ထားတဲ့ လိုအပ်ချက် အကုန်လုံး ကို စနစ်တကျ လည်း နားလည်မှ နောက် ကိုယ့်ပရောဂျက် က လည်း ဒီလို လျှော့ယူဘို့ စိတ်ချရတဲ့ ပရောဂျက် လည်း ဖြစ်အုံးမှ လျှော့ယူရမှာပါ။ ဥပမာ အလေးများတဲ့ Heavy Live Load > 100 psf (4.79 kN/m2) ဆိုရင် လျှော့ယူလို့မရပါဘူး။ (အထပ်များရင် ချွင်းချက် တော့ ထပ်ပေးထားတာ ရှိပါတယ်။) ကားပါကင်၊ ဆိုရင် လည်းလျှော့ယူလို့ မရပါဘူး။ ဧရိယာ 400 ft2 (37.16 m2) အောက်ဆိုရင် လည်း လျှော့ယူလို့ မရပါဘူး။ Uniform Live Load တစ်မျိုးကို ပဲ ဘောင်ဝင်ရင် လျှော့ယူလို့ရပါတယ်။ Concentrated & Impact Loads တွေ ကို လျှော့ယူလို့ မရပါဘူး။ IBC (Public Read Only Links Provided) မှာ ဒီသတ်မှတ်ချက် တွေ ကို ပြဌာန်းပေးထားပါတယ်။ ASCE 7 မှာ ပြတဲ့ ပုံစံတွေက တော့ IBC နဲ့ ယှဉ်ရင် ပိုပြီး အသေးစိတ် Comprehensive ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် ကုဒ်ကို ဖတ်တဲ့အခါ Live Loads ယူတတ်ဘို့ အဆင်ပြေလောက်ပါပြီ။

ခြုံကြည့်မယ်ဆိုရင် ဒီအချက်တွေကို မှတ်သားထားသင့်ပါတယ်။
1. ကုဒ်က ပေးထားတာက Minimum Live Loads ပါ။ လျှော့ယူလို့ မရပါဘူး။ အသုံးချတဲ့ အပေါ်မူတည်ပြီး လိုအပ်ရင် ပိုယူသင့် ယူရပါလိမ့်မယ်။
2. Uniformly Distributed vs Concentrated Live Loads နှစ်ခု တစ်ပြိုင်တည်း ပေးစရာ မလိုပါ။ တစ်ခုစီ ခွဲစဉ်းစားပြီး ရလာဒ်က Maximum Effects ကို ယူရပါမယ်။
3. Concentrated ဆိုတာ Point Load မဟုတ်ပါ။ Concentrated Distributed Load ဖြစ်ပြီး ဧရိယာ ဘယ်လောက်ပေါ် ယူရမယ် ဆိုတဲ့ သတ်မှတ်ချက် ရှိပါတယ်။
4. Moving Equipment / Vehicle Loads တွေ ပါလာရင် Impact & Fatigue Loads တွေ ကို ပါ စဉ်းစားပေးရပါမယ်။
5. ကားပါကင်၊ ကားရပ်တဲ့ နေရာတွေ မှာ လူစီးကား အပြင် ကုန်ချိန်များတဲ့ ကားတွေ၊ ဘတ်စ်ကားတွေ ပါလာရင် သတိထားပြီး ကုဒ် ကို မှီငြမ်းပါ။
6. Vehicle Barrier, Handrails, Guards, Grab Bar တွေမှာ Load Direction က Gravity တင်မက ပဲ အရပ် ၈မျက်နှာ အထက်အောက် လားရာပေါင်းစုံ ဖြစ်နိုင်တာ ကို သတိထားပါ။
7. Bridge Crane မှာ Vertical Impact Forces/Lateral Force တွေ၊ Wheel Loads တွေ ပါ ပါတဲ့အကြောင်း သတိထားပါ။
8. Façade Access Hoisting Gondola (မှန်တွေ ဆေးဘို့၊ ဆေးသုတ်ပြင်ဆင်ဘို့ ဂွန်ဒိုလာ) တွေ အတွက်၊ Rated Loads ရဲ့ 2.5 ဆ စဉ်းစားရတာမို့ LL factor 1.6 နဲ့ မြောက်ရင် လေးဆ။ (နောက် Stall Loads နဲ့ လည်း ယှဉ်ကြည့်ရပါမယ်။)
9. အမိုးပေါ်မှာ လူတက်လို့ ရတယ်။ Roof Garden ရှိတယ် (သို့) ဆိုလာပြားတွေ ရှိတယ် ဆိုရင် ကုဒ်ကို စနစ်တကျ လေ့လာပါ။ ဆိုလာပြားအောက်မှာ လူဝင်လို့ မရ (သို့) ပစ္စည်း ထားလို့ မရအောင် နိမ့်ရင် အဲဒီ အပိုင်းအတွက် လျော့ပေးတာ ရှိနိုင်ပါတယ်။
10. ရွေ့ပြောင်းနိုင်တဲ့ နံရံတွေ မှာ ဘယ်လိုစဉ်းစားလည်း သတိမူပါ။
11. စာကြည့်တိုက် က စာအုပ်စဉ် တွေ က မြင့်ရင် မြင့်သလို လေးပါတယ်။ ပေးထားတဲ့ Minimum Loads နဲ့ တွဲပါတဲ့ Notes စာလုံးသေးသေးလေးတွေ ကို နားလည်အောင် ဖတ်ပါ။ စာအုပ်စင် နိမ့်လို့ လျှော့ယူလို့ မရပေမဲ့၊ ပိုယူရမဲ့ အခြေအနေ အများကြီး တွေ့ကောင်းတွေ့နိုင်ပါတယ်။ အချို့ စာအုပ်စဉ်တွေက နေရာယူ သက်သာအောင် Mobile Shelving (Powered), Mechanically Operated Bookshelves တွေ လို သတ်မှတ်ချက်ထက် ပိုစိတ်တဲ့ စာအုပ်စဉ်၊ တွေ ဆို ဝန်အများကြီး ထိုးတက်သွားနိုင်ပါတယ်။
12. Live Load Reductions ဆိုတာ ဖရီးတစ်ကက် မဟုတ်ပါ။ လိုအပ်ချက် အားလုံးပြည့်စုံမှ၊ တကယ်လည်း လျှော့လို့ရမှ ဖြစ်နိုင်ပါတယ်။
.
*****
ရေနံဓာတု စက်ရုံတွေ မှာ သုံးတဲ့ Minimum Live Loads: ဥပမာ လှေကား၊ ပလက်ဖောင်းတွေ၊ Maintenance အတွက် Equipment Access / Equipment Room, Electrical Room, HVAC rooms တွေ မှာ သတ်မှတ်ထားတဲ့ အနည်းဆုံး Live Loads တွေ က ဒီ IBC ထက် သိသိသာသာ ပိုများလေ့ရှိပါတယ်။ စကားချပ်။
*****

Ko Chaw

Reference

1) IBC-2015 & 2018

2) ASCE 7-10 & 7-16

 

Post a Comment

0 Comments