Performance Based Design ဆိုတာ ဘာလဲ?




အခုတလော မြန်မာပြည်မှာ ရေပန်းစားနေတာက Performance Based Design ပါ။

ဒီတော့ Performance Based Design ဆိုတာ ဘာလဲ? Performance Based Design ဆိုတာကတော့ Performance ကို အခြေခံတဲ့ Design ပဲပေါ့။ ဘယ်အခြေအနေမှာဖြစ်တဲ့ Performance လဲဆိုတော့ ငလျင်လှုပ်တဲ့အချိန်မှာ ဖြစ်လာတဲ့ အဆောက်အအုံရဲ့ Performance ကိုပြောတာပါ။ တနည်းအားဖြင့်ဆိုသော် ငလျင်ဒဏ်တွေကို Design လုပ်တဲ့ နည်းစနစ် တစ်မျိုးဖြစ်ပါတယ်။ ဒါဆို ငလျင်ဒဏ် ခံနိုင်အောင် အရင်က ဘယ်လို Design လုပ်ခဲ့ကြသလဲ? Code Based နဲ့ Design လုပ်ခဲ့ကြပါတယ်။ Code Base နဲ့ Design လုပ်တဲ့အခါ Building Code တွေမှာ သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း လိုက်နာဆောက်ရွက် တွက်ချက်ကြရတာ ဖြစ်ပါတယ်။

အဆောက်အအုံတွေကို ဘေးတိုက်တွန်းအား ခံနိုင်ရည် တွက်ချက်ရာမှာ စဉ်းစားတဲ့ အချက် ၂ ခု ရှိပါတယ်။ အဲဒါတွေက လေ နဲ့ ငလျင်ပါ။ အထပ်မြင့် အဆောက်အအုံတွေမှာ လေတိုက်နှုန်းခံနိုင်ရည် တွက်ချက်တဲ့အခါ Strength ထက် Serviceability ကို ပို ဦးစားပေးရပါတယ်။ ဘာလို့လဲဆိုတော့ လေပြင်း တိုက်ခတ်တဲ့အခါ မပြိုကျအောင်ထက် နေတဲ့သူတွေ ဒုက္ခ မရောက်ရအောင် စဉ်းစားပေးရတာမျိုးပါ။ လေတိုက်လို့ ဘယ်ညာ ယိမ်းနေမယ်ဆို အဆောက်အအုံမှာ နေတဲ့သူတွေ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တဲ့အတွက် လေတိုက်တဲ့အခါ မယိမ်းနွဲ့ရလေအောင် သေချာ လေ့လာသုံးသပ် wind tunnel test တွေနဲ့ စမ်းသပ်ပြီးမှ အဆောက်အအုံကို Design ထုတ်ရတာဖြစ်ပါတယ်။ အဲဒီမှာ အဆောက်အအုံ အတွင်းခံနိုင်ရည်ရော အပြင်ဘက် ပုံစံရော Design ထုတ်ရတာပါ။

ငလျင်ကျတော့ တစ်မျိုးပါ။ ဘေးတိုက်တွန်းအားခြင်းတူပေမယ့် သက်ရောက်ပုံခြင်းကျတော့ မတူပါဘူး။ Wind က ပုံမှန်လေး တိုက်တယ်၊ အချိန်အကြာကြီး တိုက်လေ့ရှိတယ်။ ငလျင်က ရုတ်တရက် ဖြစ်တယ်။ ဖြစ်တဲ့အချိန် တိုတောင်းတယ်။ အဲ ပြီးတာ့ ပမာဏ ကြီးတယ်။ ငလျင်ဒါဏ် ခံနိုင်အောင် Design လုပ်ဖို့အတွက် လွယ်ကူတဲ့ နည်းလမ်း ရှာကြတဲ့အခါ Base Shear ဆိုတာနဲ့ တွက်ကြပါတယ်။ Base Shear ဆိုတာက ငလျင်ဖြစ်လာတဲ့အခါ မြေကြီးက ရွေ့သွားပြီး အဆောက်အအုံက ကျန်နေတဲ့အချိန်မှာ အဆောက်အအုံနဲ့ မြေကြီးကြားထဲမှာ ဖြစ်လာတဲ့  ပြတ်ရွေ့အားဖြစ်ပါတယ်။ အဲဒီ Base Shear ဟာ အဆောက်အအုံရဲ့ Inertia ကြောင့် ဖြစ်လာတဲ့အတွက် အဆောက်အအုံ weight များရင် Base shear များပါတယ်။ Design တွက်ရာမှာတော့ အဲဒီ Base shear ကို အဆောက်အအုံရဲ့ အပေါ်မှာ ဘေးတိုက်တွန်းအားအဖြစ် ပြန်လည်သက်ရောက်စေပြီး ဖြစ်လာတဲ့ ဒါဏ်အားတွေကို ခံနိုင်ရည်ရှိအောင် တွက်ချက် design လုပ်ကြရတာ ဖြစ်ပါတယ်။ အဲဒါကိုတော့ Equivalent Lateral Force Method လို့ ခေါ်ပါတယ်။ Design တွက်ချက်ရာမှာ Building Code တွေမှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေအတိုင်း လိုက်နာ တွက်ချက်ရတာ ဖြစ်ပါတယ်။ နောက်ပြီး Building Code မှာ သတ်မှတ်ထားတဲ့ Structural system သတ်မှတ်ချက်တွေကိုလဲ လိုက်နာဖို့ လိုပါတယ်။ ဒီနည်းကို Prescriptive Design Method လို့လဲ ခေါ်ကြပါသေးတယ်။

ဒီနည်းနဲ့ Design လုပ်ရာမှာ ငလျင်လှုပ်တဲ့အခါ အဆောက်အအုံတွေရဲ့ အခြေအနေနဲ့ ဖြစ်ပျက်ပုံတွေကိုတော့ ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။ တနည်းအားဖြင့်ဆိုသော် ဘယ်လောက်ပြင်းအားနဲ့ ငလျင်လှုပ်ရင် ပြိုမယ်ဆိုတာမျိုး ခန့်မှန်းလို့ မရပါဘူး။

(A prescriptive approach describes the way a building asset must be constructed, rather than the end result of the building process, and is related to the type and quality of materials used, the method of construction, and the workmanship, etc. This type of approach is strictly mandated by a combination of law, codes, standards, and regulations, etc., and is based on past experience and consolidated know-how. The content of prescriptive codes and standards is usually a consequence of an accident causing injury or death which requires a remedy to avoid a repeat, as a consequence of some hazardous situation, or as a consequence of some recognized social need.)…

Performance Based Design မှာတော့ ငလျင်လှုပ်တဲ့အခါ အဆောက်အအုံရဲ့ ဖြစ်ပျက်ပုံတွေ အဆောက်အုံရဲ့ Performance တွေကို ကွန်ပျူတာမော်ဒယ်သုံးပြီး ခန့်မှန်းတွက်ချက် Design လုပ်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီလို Design လုပ်ရာမှာ အဆောက်အအုံတွေရဲ့ အစိတ်အပိုင်းတွေ အားလုံးကို သူတို့ရဲ့ ဂုဏ်သတ္တိတွေအနေနဲ့ အတိအကျ model လုပ်ပြီး သတ်မှတ်ထားတဲ့ ငလျင်တွေ လှုပ်ခတ်တဲ့အခါ ဘယ်လိုဘယ်ပုံ ဖြစ်ပျက်ကြတယ်ဆိုတာ Computer Model တွေနဲ့ တွက်ချက်ရတာပါ။ ဒီနေရာမှာ အဆောက်အအုံတွေရဲ့ အချို့အစိတ်အပိုင်းတွေဟာ yield limit ကျော်လွန်ပြီး တနည်းအားဖြင့်ဆိုသော် Elastic အခြေအနေကို ကျော်လွန်ပြီးအခြေအနေအထိ ဖြစ်စေပြီး အဆောက်အအုံရဲ့ ခံနိုင်ရည်ကို လေ့လာရတာပါ။ 3D non-linear dynamic analysis တွေသုံးပြီး တွက်ချက်ရတာဖြစ်ပါတယ်။


Performance based Design ဆိုတာ တကယ်တော့ Building codes တွေမှာ သတ်မှတ်ထားတဲ့အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရခြင်းနည်းလမ်း မဟုတ်ပဲ ဘယ်လောက် ငလျင်ပြင်းအားလှုပ်ရင် အဆောက်အအုံ ဘယ်လိုဖြစ်မလဲဆိုတာ စုံစမ်းလေ့လာ တွက်ချက်ရတဲ့ Design approach ပဲ ဖြစ်ပါတယ်။

ဒီနည်းလမ်းနဲ့ တွက်ချက်ရာမှာ သာမန် အဆောကအအုံတွေဆိုရင် မကြာခဏ လှုပ်တတ်တဲ့ ငလျင်အသေးလေးတွေ လှုပ်တဲ့အခါ ဘာမှ ကြီးကြီးမားမား ပျက်စီးမှု မရှိဘဲ fully operational ဖြစ်ရပါမယ်။ တခါတရံမှာ လှုပ်တတ်တဲ့ ငလျင်မျိုး (နည်းနည်း ပိုကြီးတဲ့ ငလျင်မျိုး) လှုပ်တဲ့အခါမှာတော့ ပျက်စီးမှု အနည်းငယ် ဖြစ်ပေမယ့် operational ဖြစ်ရပါမယ်။ ရှားပါး ငလျင်ကြီးတွေလာတဲ့အခါမှာတော့ Life Safe ဖြစ်ရပါမယ်။ အဲ… အလွန်ကြီးပြီး ဖြစ်ခဲတဲ့ ငလျင်ကြီးတွေ ဖြစ်လာခဲ့ရင်တော့ အဆောက်အအုံဟာ ပြိုမကျသွားရပါဘူး။ Performance Based Design မှာ ဒီ outcome တွေကို ရအောင် အဓိက တွက်ချက် Design လုပ်ရတာဖြစ်ပါတယ်။

Aung Hsu Myat

Post a Comment

0 Comments