Seismic Design in Myanmar


MNBC-16 အရ ဆိုရင်တော့ မြန်မာနိုင်ငံ မှာ ငလျင်ဒီဇိုင်းလုပ်မယ် ဆိုရင် တနင်္သာရီ တိုင်းက လွဲလို့ တစ်နိုင်ငံလုံးနီးပါး ဒီဇိုင်း ပြင်းအား များပါတယ်။ (Update: ကုဒ်အသစ် မှာ ဒီဒေတာ တွေ ထက် ပိုပြင်းလာမယ် လို့ သိရပါတယ်။ တနင်္သာရီ လည်းပြင်းအားများ လာပါတယ်။ ထားဝယ် က E,F ဖြစ်လာမယ်။)

မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ ရွှေဘို၊ ပူတာအို၊ ဟားခါး ဆိုတာ S1≥0.75 မို့ Seismic Design Category (E, F) လို့ခေါ်တဲ့ အမြင့်ဆုံး အဆင့်မှာ ရှိပါတယ်။ SDC F က Occupancy Category IV က လို့ ခေါ်တဲ့ အရေးကြီးတဲ့ အဆောက်အဦ (ဥပမာ၊ ဆေးရုံ၊ မီးသတ်၊ ရဲစခန်း၊ ဓာတုစက်ရုံ တွေ လို နေရာမျိုးတွေ ပါ။) ရန်ကုန်၊ ပဲခူး ဆိုရင် တောင် အောက်ခံ ကျောက်သားအမာခံ Site Class A (Hard rock) မဖြစ်နိုင်တာမို့ အနည်းဆုံး SDC D ဖြစ်ပါလိမ့်မယ်။ ဒီအတွက် ရိုးရိုး RC, Masonry, Wood, Steel Structure တစ်ခု မှ အဆင့်မီတော့မယ် မဟုတ်ပါဘူး။ ငလျင်ဒီဇိုင်း လုပ်မယ် ဆိုရင်တောင် ရိုးရိုးငလျင်ဒီဇိုင်း လောက်နဲ့ မရတော့ပဲ ဒီ အဆောက်အဦ အမျိုးအစား အားလုံးအတွက် စပါယ်ရှယ် Seismic Detailing လိုအပ်ချက် တွေ ရှိပါတယ်။

SDC D လို့ ဆိုလိုက်တာနဲ့ ရိုးရိုး ဖရိမ်တွေ သုံးလို့ ကုဒ်ကို မပြေလည်နိုင်တော့ပါဘူး။
RC ဆိုရင် ACI-318 အခြားအခန်းတွေ တင်မကပဲ, Chapter 18—Earthquake-Resistant Structures ကို လိုက်နာဘို့ လိုအပ်လာပါတယ်။ SDC D, E, or F အတွက် special moment frames, special structural walls, or a combination of the two ဒါပဲ သုံးလို့ ရပါတယ်။ (ASCE/SEI-7, MNBC Terms: Special reinforced concrete shear walls & Special reinforced concrete moment frames).

ဒါ့အပြင် Lateral Force Resisting Systems အပိုင်းမဟုတ်တဲ့ Structure တွေ အတွက်တောင် လိုအပ်ချက် တွေ က မြင့်ပါတယ်။ continuous inspection (26.13.1.3), diaphragms and trusses (18.12), foundations (18.13), and gravity-load-resisting elements that are not designated as part of the seismic-force-resisting system (18.14)။ ကုဒ်နဲ့ ညီအောင်လုပ်မယ် ဆိုရင်ပေါ့။

အလားတူပဲ Masonry Structures ဆိုရင် ACI 530-13/ASCE 5-13 ကို လိုက်နာဘို့ လိုအပ်မယ်။ အခြားအခန်းတွေ သာမက Chapter 7 Seismic Design Requirements ကို ပါ လိုက်နာဘို့ လိုအပ်မယ်။

Wood Frame အတွက် SDPWS အကြောင်း ပို့စ် တစ်ခု သီးသန့်တင်ပေးခဲ့ဘူးပါတယ်။

Steel အတွက် ဆိုရင် AISC Seismic Design Manual ရှိပါတယ်။ ANSI/AISC 341-16 Seismic Provisions for Structural Steel Buildings ကို လည်း အခမဲ့ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ANSI/AISC 358-16 ANSI/AISC 358s1-18 Prequalified Connections for Special and Intermediate Steel Moment Frames for Seismic Applications ကိုလည်း အခမဲ့ ရနိုင်ပါတယ်။

အဆောက်အဦဟောင်းတွေ ငလျင်အတွက် ကျားကန်ပေးနိုင်ဘို့ FEMA 547/2006 Techniques for the Seismic Rehabilitation of Existing Buildings နဲ့ ASCE-41 Seismic Evaluation and Retrofit of Existing Buildings တွေ ကိုလည်း မှီငြမ်းနိုင်ပါတယ်။ ငလျင်ဒါဏ်အံတု နိုင်တဲ့ အဆောက်အဦ တွေ အတွက် မှီငြမ်းစရာ နေရာ အချို့ကတော့ ယူအက်စ် ကယ်လီဖိုးနီးယား ပြည်နယ် နဲ့ ဂျပန်နိုင်ငံ တွေပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ ကောင်းလောက်အောင် ဒီဒေသတွေ က လူနေအဆောက်အဦ အားလုံးနီးပါးက သစ်သားဖရိမ်တွေ ကို သုံးကြတာပါ။

ကယ်လီဖိုးနီးယား မှာ Structural Engineer (or) Civil Engineer PE တစ်ခုခု ယူမယ်ဆိုရင် NCEES Exam အပြင် ပြည်နယ်ဘုဒ် က စစ်တဲ့ Seismic Principles Examination စာမေးပွဲ ထပ်ဖြေရပါလိမ့်မယ်။ ဗိသုကာ ဆရာတွေ လည်း လိုင်စင်လိုချင်ရင် ငလျင်အကြောင်း ထပ်ဖြေရပါတယ်။ ငလျင်ရှိတဲ့ ဒေသ မှာ ငလျင်အကြောင်း နားမလည်တဲ့ သူ လိုင်စင်မပေးတဲ့ သဘောပါပဲ။ ဂျပန်က Kenchikushi စနစ် မှာ လည်း ငလျင်အကြောင်း အဓိက ပါမယ်လို့ ထင်ပါတယ်။ (သေချာတော့ မသိပါ။)

ငလျင် က မဖြစ်ခင်၊ ဘာမှ မဖြစ်ပေမဲ့ ဖြစ်ရင် တော့ အသည်းအသန် ဖြစ်ပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက် အီတလီ အင်ယာ သူ့ရွာပြန်လည် အပြီး ပြန်လာတော့ သူ့ရွာအကြောင်း မေးမိတယ်။ လူဦးရေ ရာဂဏန်း ပဲ ရှိတဲ့ တောင်ခြေ က ရွာကလေး တစ်ခုပါ။ ဂူဂယ်မြေပုံ ကနေ ပြတော့ ငလျင်ကြောင့် ပျက်သွားတဲ့ ရွာပျက်နဲ့ ရွာသစ် နှစ်ခုပုံပြတယ်။ အရင်က ကျောက်တုံးနဲ့ ဆောက်ခဲ့တဲ့ အိမ်တွေ အားလုံး ပြိုခဲ့တော့ ခု ကုဒ်အသစ် နဲ့ ပြင်နေရတယ် လို့ ဆိုပါတယ်။

Earth Quake ကြောင့်ပေါ်လာတဲ့ Seismic Wave တွေ က နေ Seismic Acceleration, (not force) တွေ ပေါ်လာတယ်။ ဒီ Accelerations တွေ က အဆောက်အဦ က Mass အပေါ်မူတည်ပြီး Seismic Forces (F=m x a) ငလျင်အားတွေ ဖြစ်လာတယ်။ ဒီ Forces တွေ ကို အံတုဘို့ ဒီဇိုင်းပိုင်းမှာ စဉ်းစားရတယ်။ ဒီဇိုင်းလုပ်သူတွေ စဉ်းစားတာ အတတ်နိုင်ဆုံး တူညီဘို့၊ လိုအပ်ချက် အတွက် ကုဒ်တွေ ထုတ်ကြတယ်။

ဒီလို ကုဒ်တွေ သတ်မှတ်ဘို့ အတွက် အရင်ရှိခဲ့၊ တိုင်းတာလို့ ရတဲ့ဒေတာ တွေ၊ အတွေ့အကြုံ တွေရယ်၊ Lab Testing အထပ်ထပ် စမ်းလို့ရတဲ့ ဒေတာတွေရယ် နဲ့ Empirical Equation တွေ ထုတ် ကုဒ်တွေ သတ်မှတ်မို့ စဉ်ဆက်မပြတ် လေ့လာဆဲ၊ အံတုဘို့ ကြိုးစားဆဲ လို့ပဲ ဆိုကြပါစို့။

Building Codes

US မှာသုံးတဲ့ Codes တွေထဲ မှာ Building Construction အတွက် ဆို ရင် ပြည်နယ်အားလုံးလို IBC ကို သုံးနေကြပြီ။ ICC က IBC (The International Building Code) လို ကုဒ်ကို ထုတ်တယ်။ သူက ကုဒ် ထုတ်တာ နဲ့ ကုဒ် ကို မွမ်းမံတာပဲ လုပ်တယ်။ ကုဒ်ကို အသုံးချ Adopted မွေးစားစေဘို့ အတွက် သက်ဆိုင်ရာ ပြည်နယ်တွေ နဲ့ စနစ်တကျ ညှိနှိုင်း ဆောင်ရွက်မှု လုပ်တယ်။ သက်ဆိုင်ရာ ပြည်နယ် အာဏာပိုင် အဖွဲ့အစည်းတွေ က ထွက်လာတဲ့ ကုဒ်တွေ ကို စနစ်တကျ ပြန်လည်သုံးသပ်တယ်။ ပြီးရင် ဘယ်ကုဒ်အသစ် ကို ဘယ်အချိန် မှာ စအသက်ဝင် မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချတယ်။ ဒီလို နဲ့ ကုဒ်တွေ လည်း သုံးနှစ်တကြိမ် မွမ်းမံခွင့်ရတယ်။ စဉ်ဆက်မပြတ် မွမ်းမံရမဲ့ ကုဒ် ကို လွှတ်တော်တင်၊ အတည်ပြု ဘို့ နှစ်နဲ့ချီ စောင့်ဘို့မလိုဘူး။ အရေးကြီး လိုအပ်နေတဲ့ MNBC ကတော့ ဘယ်အခြေအနေ ရောက်နေမှန်း မသိ…
.
နောက် ယူအက်စ် ပြည်တွင်းသာ မက နိုင်ငံတကာ ကို ပါ ရည်ရွယ်တာမို့ အင်တာနေရှင်နယ် ဆိုတဲ့ ဝေါဟာရ ကို သုံးတာ ဖြစ်ပါလိမ့်မယ်။ အရင်ကဆိုရင် ပြည်နယ်တိုင်း လို မှာ ဖြည့်စွက်တာ၊ ပြင်တာတွေ ရှိပေမဲ့ ခုနောက်ပိုင်း တစ်ဖြေးဖြေး နဲ့ မူရင်း ကုဒ်ကို အဖြည့်အစွက်မရှိ သုံးနိုင်တယ်လို့ ပြဌာန်းလာတာ တွေ့ရပါတယ်။ သက်ဆိုင်ရာ ပြည်နယ် အလိုက် မွေးစားတဲ့ ကုဒ် ဗားရှင်း ကွာနိုင်ပါတယ်။

IBC က commercial construction အတွက် ဖြစ်ပြီး residentialလူနေလုံးချင်းအိမ် တွေ၊ အိမ်ယာတွေ အတွက် ဆိုရင် IRC: The International Residential Code ကို သုံးတဲ့အကြောင်း အရင်က မိတ်ဆက်ပေးခဲ့ဘူးပါတယ်။ ငလျင်အကြောင်းပြန်ဆက်ပါမယ်။ IBC-2018, ASCE/SEI7, MNBC-2016 Draft တွေ ပေါ် အခြေခံပြီး ဆွေးနွေးကြည့်ရအောင်ပါ။ IBC Chapter 16 Structure Design မှာ Section 1613 က Earthquake Loads အပိုင်း ပါပါတယ်။
(ရည်ညွှန်းလင့်ခ် ကနေ Free Public Access မှာ သွားဖတ်နိုင်ပါတယ်။)
IBC #1613 မှာ Seismic Design Category ရွေး တဲ့အကြောင်း ပါတယ်။ ASCE/SEI-7 Minimum Design Loads and Associated Criteria for Buildings and Other Structures ကို မှီငြမ်းကြတယ်၊ ဒါကြောင့် အသေးစိတ်မှာ ASCE/SEI-7 ကို ဆက်ညွှန်းတယ်။ ASCE/SEI7 Ch 11 to 23 က Seismic သီးသန့် မို့ ကွန်ပလီကေးတက် လို့ပဲ… ဆိုချင်ဆို။အသေးစိတ် ယှဉ်မကြည့်မိပေမဲ့ MNBC ကလည်း Site Specific Data က လွဲရင် ASCE 7 ကို မှီငြမ်းတဲ့ ပုံစံတွေ့ရပါတယ်။

Seismic Resistance ဒီဇိုင်း ကို Car Seat / Seat Belt စနစ် နဲ့ နှိုင်းယှဉ်ပြီး နမူနာ ပေးလေ့ရှိကြပါတယ်။ Collisions လို့ခေါ်တဲ့ အရှိန်နဲ့ ယာဉ်ချင်း တိုက်မှု (သို့) ဓာတ်တိုင်၊ သစ်ပင် ဝင်အောင်းတဲ့ အခြေအနေ မျိုးမှာ ကားမှာရှိတဲ့ လူတွေ ကို အကာအကွယ်ပေးဘို့ အတွက် ကားရဲ့ ဖရိန် အစိတ်အပိုင်း အားလုံး ကို ဒီဒါဏ်ခံနိုင်အောင် ဒီဇိုင်း လုပ်တာ မဟုတ်ပဲ စနစ်တကျ ဒီဇိုင်းလုပ်ထားတဲ့ ထိုင်ခုံ ခါးပတ်စနစ် နဲ့ အကာအကွယ် ပေးတာပါ။ တိုက်တဲ့ အခါ ခေါင်းကြေ၊ ဘော်ဒီခွေ ဖြစ်ကောင်းဖြစ်မယ်။ ဒီလို ဖြစ်တာတွေ က Force absorption တိုက်တဲ့ အားကို စုတ်ယူအားနည်းစေတာမို့ အထဲက လူဆီကို အားပြည့် ဆောင့်ကန်သလို မဖြစ်အောင် အကာအကွယ် ပေးပါတယ်။ အဆောက်အဦ အပိုင်းမှာ လည်း ဖရိမ် အားလုံး ကို ငလျင်ဒါဏ်ခံနိုင်အောင် လုပ်တာမဟုတ်ပဲ ငလျင်ခံမဲ့ စနစ်တစ်ခု ကို စနစ်တကျ ထည့်သွင်းပေးရတဲ့ သဘော လို့ ဆိုပါတယ်။

ဒီ အခြေခံ သဘောတရား ကို ASCE 7-16 မှာ လေ့လာနိုင်သလို MNBC-16 Draft မှာလည်း လေ့လာနိုင်ပါတယ်။
1) Risk Categories (I, II, III, and IV) Ref: ASCE 7-16, Ch 1: General
2) Site Class (A, B, C, D, E, F), Ref: ASCE 7-16 Ch 20 Site Classification Procedure For Seismic Design
3) Seismic Design Category (A, B, C, D, E, F), Ref: Chapter 11 Seismic Design Criteria
4) Classification of Structural Systems (Lateral Force Resisting Systems), Ref: Chapter 12 Seismic Design Requirements For Building Structures
5) MNBC Draft: Myanmar National Building Code – 2016, Part 3 Structural Design 3.4: Seismic Design Criteria And Design Requirements for Buildings
ဒီအချက် 1-4 လေးချက်ပေါ် မူတည် ပြီး ASCE 7 (or) MNBC မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Ko Chaw
References:
1. MNBC-2016 Draft
2. IBC-2015/2018 International Building Code
3. ASCE/SEI 7-10/16: Minimum Design Loads for Buildings and Other Structures
4. ACI-318, Building Code Requirements for Structural Concrete (including Chapter 18)
5. ACI 530-13/ASCE 5-13: Building Code Requirements and Specification for Masonry Structures (Including Chapter 7)
6. AISC Seismic Design Manual, AISC 341 & AISC 358
7. FEMA 547/2006 Techniques for the Seismic Rehabilitation of Existing Buildings
8. ASCE/SEI 41-17 Seismic Evaluation and Retrofit of Existing Buildings
9. Seismic Design of Reinforced Concrete Buildings, Jack Moehle, Mc GrawHill Education
10. Seismic Design Of Reinforced Concrete And Masonry Buildings, T. Paulay and M. J. N. Priestley, John Wiley & Sons, Inc.



Post a Comment

0 Comments