ကျောက်ချေးတက်ခြင်း (သို့မဟုတ်) ASR


1. ASR မိတ်ဆက်
ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဆက်နွယ်နေသူများ၊ မြို့ပြအင်ဂျင်နီယာများအနေဖြင့် အားကူသံချောင်းများ သံချေးတက် ခြင်းနှင့် ယင်းတို့၏ပြဿနာများကို ရင်းနှီးပြီးသားဖြစ်ကြသော်လည်း ကွန်ကရိအတွင်းရှိ သဲနှင့်ကျောက်များ လည်း ကျောက်ချေးတက်တတ်သည်ဟု ပြောလျှင် လက်ခံ နိုင်ပါမည်‌လော ?

ကွန်ကရိထဲ၌ အယ်လကာလီနှင့် သဲ၊ကျောက်တို့ ဓါတ်တုံ့ပြန်မှု (Alkali-Aggregate Reaction, AAR) ၊ အယ်လကာလီနှင့် ဆီလီကာတို့ ဓါတ်တုံ့ပြန်မှု (Alkali-Silica Reaction, ASR) ဟု ပြောလျင်မူ မြို့ပြအင်ဂျင်နီယာအများစု နားလည်မည်ဟု ထင်ပါသည်၊ အဘယ်ကြောင့် ကျောက်‌ချေးတက်ခြင်းဟု စာရေးသူ သုံးနှုန်းရသနည်း ဆိုသည်ကို ဆက်လက်ဖေါ်ပြပါမည်။

ယခုအချိန်တွင် ကွန်ကရိထဲ၌ အယ်လကာလီနှင့် သဲ၊ကျောက်တို့ ဓါတ်တုံ့ပြန်မှု (Alkali-Aggregate Reaction) အကြောင်းကို စိတ်ဝင်စားသူ များလာကြောင်း တွေ့ရှိလာရပါသည်၊ အကြောင်းမှာ မြန်မာပြည်တွင် လွန်ခဲ့သော ၁၅နှစ်မှ နှစ် ၂၀ အတွင်း တည်ဆောက်ခဲ့သည့် ကွန်ကရိအဆောက်အဦများ စတင်ပျက်စီးလာခြင်း၊ နိုင်ငံခြားသားနှင့် လုပ်ကိုင်သော စီမံကိန်းများတွင် နှစ်ရှည်ခံ အဆောက်အဦများအတွက် Reactive Silica ခွင့်ပြုချက်ထက် မကျော်သော သဲ၊ ကျောက်များကို တောင်းဆိုလာခြင်း စသည်တို့ကြောင့်ဟု စာရေးသူ အနေဖြင့် ယူဆမိပါသည်၊ အောက်ပါတို့မှာ လူမှုကွန်ယက် စာမျက်နှာ များ၊ ဟောပြောပွဲများ တွင် မကြာခဏ မေးမြန်းကြသော မေးခွန်းများဖြစ်ပါသည်။

  • AAR / ASR / ACR ဆိုတာ ဘာလဲ
  • အဲဒီပြဿနာတွေကို ဘာကြောင့် ဂရုသိပ်မစိုက်သလဲ၊
  • AAR / ASR / ACR တွေဖြစ်ရင် အဆောက်အဦတွေကို ဘယ်လိုထိခိုက်နိုင် သလဲ၊
  • အဲဒါတွေ ဖြစ်၊ မဖြစ် ဘယ်လို သိနိုင်မလဲ၊
  • မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မဲ့ နည်းလမ်းတွေရှိပါသလား၊
  • ဖြစ်ရင် ဘယ်လို ကုစားရမလဲ၊
  • မြန်မာပြည်က သဲ၊ ကျောက်တွေမှာ ASR ဖြစ်နိုင်သည့်သတ္တိရှိပါသလား၊
  • သဲ၊ ကျောက် တွေမှာ ASR ဓါတ် ပါ၊ မပါ စမ်းသပ်နည်းများ၊
စသည်တို့ဖြစ်ပါသည်။

ကွန်ကရိဖျော်စပ်ရာတွင် ပါဝင်သည့် သဲနှင့်ကျောက်တို့သည် ယေဘုယျအားဖြင့် ဓါတ်တုံ့ပြန်မှု မရှိကြသော်လည်း အချို့သော သဲ နှင့် ကျောက်များတွင်ပါဝင်သည့် ဓါတ်အချို့က ဘိလပ်မြေအနှစ်နှင့် ဓါတ်ပြုပြီး ကျယ်ပြန့်လာကာ ကွန်ကရိယိုယွင်းပျက်စီးခြင်း ဖြစ်ပေါ်လာနိုင်ပါသည်၊ ဤဖြစ်စဥ်ကို အယ်လကာလီနှင့် သဲ၊ ကျောက် တို့ဓါတ်တုံ့ပြန်မှု (Alkali- Aggregate Reaction, AAR) ဟု ခေါ်ပါသည်၊ သို့သော်လည်း AAR ကြောင့် ကျယ်ပြန့်ခြင်းမှာ အလွန်နှေးကွေးသည့်အတွက် တည်ဆောက်ပြီးနောက် 10 နှစ်မှ 15 နှစ်ခန့် ကြာမြင့် သည့်အခါမှသာ ကွန်ကရိ ကွဲအက်ပျက်စီးခြင်းကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်၊ ထိုထက်ပို၍ စောစီးစွာ တွေ့မြင်နိုင်ခြေမှာ အလွန် ရှားပါးပါသည်။

2. AAR အမျိုးအစား ၂ ခု
အယ်လကာလီနှင့် သဲ၊ ကျောက် တို့ဓါတ်တုံ့ပြန်မှု (Alkali- Aggregate Reaction, AAR) ပုံစံ နှစ်မျိုးနှစ်စား ရှိပါသည်။
  • အယ်လကာလီနှင့် ဆီလီကာတုံ့ပြန်မှု (Alkali-Silica Reaction, ASR) နှင့်
  • အယ်လကာလီနှင့် ကာဗွန်နိတ် တုံ့ပြန်မှု (Alkali-Carbonate Reaction, ACR) တို့ ဖြစ်ကြပါသည်၊ACR ကို တစ်ခါတရံ (Alkali-Carbonate Rock Reaction, ACRR) ဟုလည်း သုံးနှုန်း ကြ ပါသေးသည်။

2.1 အယ်လကာလီနှင့် ဆီလီကာတုံ့ပြန်မှု (ASR)
ကွန်ကရိဖျော်စပ်ရာတွင် ပါဝင်သည့် သဲနှင့်ကျောက်တို့သည် ယေဘုယျအားဖြင့် ဓါတ် တုံ့ပြန်မှု မရှိကြသော်လည်း ၎င်းတို့ အထဲ တွင်ပါဝင်သည့် ဆီလီကာသည် ကွန်ကရိ အတွင်းရှိ အယ်လကာလီ ဟိုက်ဒြောက်ဆိုဒ် တို့နှင့် ဓါတ်တုံ့ပြန်မှုဖြစ်နိုင်ခြေရှိပါသည်၊ ထိုဓါတ်တုံ့ပြန်မှု အကျိုးဆက်ကြောင့် ကျောက်၊ သဲများ၏ မျက်နှာပြင်၌ ဆီလီကာဂျယ်လ် (silica gel) ထူထဲစွာ ဖြစ်ပေါ်ပြီး သိသာစွာ ကျယ်ပြန့်ခြင်း ဖြစ်ပေါ်လာသည့်အခါ ကွန်ကရိ အက်ကွဲ ခြင်း ဖြစ်ပေါ်လာ စေနိုင်ပါသည်။

ASR ကြောင့် ကွန်ကရိအဆောက်အဦများ ပျက်စီးမှု ကို ၁၉၃၀ခုနောက်ပိုင်း လောက်ကတည်းက သတိပြုမိခဲ့ကြပါသည်၊ မြောက်အမေရိက တိုက်တွင် ဓါတ်တုံ့ပြန်နိုင်စွမ်းရှိသည့် ဆီလီကာပါဝင်သည့် သဲနှင့်ကျောက်များ များစွာ တွေ့ရှိရသော်လည်း ASR ကြောင့် ပျက်စီးမှုများကို ထိုဒေသတွင် များစွာ မတွေ့ရှိရကြောင်း မှတ်တမ်းများက ဖေါ်ပြထားပါသည်၊ အကြောင်းမှာ-
  • များစွာသော သဲနှင့် ကျောက်များသည် ကွန်ကရိထဲတွင် ဓါတ်သဘော တည်ငြိမ်မှု ရှိကြခြင်း (chemical stability)၊
  • ကွန်ကရိသည် ASR ဖြစ်ပေါ်မှုကို ဟန့်တားနိုင်သည့် ခြောက်သွေ့မှု ရှိခြင်း၊
  • ပိုဇိုလန်၊ slag စသည်တို့ သုံးစွဲခြင်းတို့က ASR ကို ထိန်းချုပ်ထားနိုင်ခြင်း၊
  • များစွာသော ကွန်ကရိအရောထဲတွင် အယ်လ်ကာလီပါဝင်မှုမှာ ASR ဖြစ်စေနိုင် လောက်သည့် ပမာဏ‌ အောက် လျော့နည်းနေခြင်း၊
  • အချို့သော ASR များမှာ သိသာထင်ရှားသည့် ပျက်စီးမှုဖြစ်စေနိုင်သည်ထိ ကျယ်ပြန့်မှု မဖြစ်ခြင်း၊
ASR ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် အောက်ပါအချက်များကို သိထားရပါမည်။
  1. ဓါတ်တုံ့ပြန်နိုင်ခြေရှိသည့် သဲ၊ ကျောက်များကို စမ်းသပ် ရှာဖွေသတ်မှတ်ခြင်းနှင့်
  2. အတွင်း၌ကျယ်ပြန့်ပြီး အက်ကွဲခြင်းကို လျှော့ချပေးနည်း အဆင့်ဆင့်ကို လိုအပ်လျှင် ပြုလုပ် ပေးနည်းတို့ကို လေ့လာရပါမည်။
AAR ဖြစ်ပေါ်ပုံ၊ မျက်စိဖြင့် မြင်တွေ့နိုင်သည့်လက္ခဏာများ၊ စမ်းသပ်နည်းများနှင့် ထိန်းချုပ် ကာကွယ်နည်းများကို လေ့လာထားသင့်ပါသည်။

2.2 အယ်လကာလီ-ကာဗွန်နိတ် ဓါတ်တုံ့ပြန်မှု
အယ်လကာလီ-ကာဗွန်နိတ် ဓါတ်တုံ့ပြန်မှု (Alkali-carbonate reactions, ACR) မှာ ဒိုလိုမိုက် ထုံးကျောက် နှင့် ဓါတ်ပြုခြင်း‌ကြောင့် ကွန်ကရိ ပျက်စီးရခြင်း ဖြစ်ပါသည်၊ ဤကျောက်အမျိုးအစားမှာ ရှားပါးသည့်အတွက် တွေ့ရှိရန် ခဲယဥ်းပါသည်၊ ACR သည် ASR ထက် ဓါန်တုံ့ပြန်မှု ပိုမိုပြင်းထန် မြန်ဆန် သည့်အတွက် စောစီးစွာ တွေ့ မြင်ရနိင်ပါသည်။
ဓါတ်တုံ့ပြန်နိုင်စွမ်းရှိသည့် ဆီလီကာပါဝင်သည့် သဲနှင့်ကျောက်မှာ တွေ့ရများသဖြင့် ASR ကို ပို၍ သတိထားရန် လိုအပ်ပါသည်၊ ACR ဖြစ်နိုင်ချေရှိသည့် ကျောက်မှာ အလွန် တွေ့ရနည်းပါသည်။

3. အဘယ်ကြောင့် AAR ကို အလေးထားဖို့လိုသလဲ
AAR ကြောင့် ကွန်ကရိအဆောက်အဦများ ပျက်စီးခြင်းဖြစ်စဥ်မှာ အလွန်နှေးကွေးသည့် အတွက် ရုတ်တရက် ပျက်စီးဆုံးရှံးခြင်းဘေးအန္တရာယ် ဖြစ်ပေါ်နိုင်ခြေနည်းပါသည်၊ သို့သော်လည်း ဆည်ကြီးများကဲ့သို့ အတိုင်းအတာတည်ငြိမ်မှု (dimensional stability) ရှိရန် အရေးကြီးသည့် အဆောက်အဦများအတွက် AAR ကြောင့် ကျယ်ပြန့်မှုသည် ထိုအဆောက် အဦ၏ လုပ်ဆောင်မှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်၊ များစွာသော အခြေအနေတို့တွင် အခြားသော ပျက်စီးယိုယွင်း စေသည့် ရေခဲခြင်းနှင့်အရည်ပျော်ခြင်း၊ အားကူသံချောင်းများ သံချေးတက်ခြင်းစသည့် အကြောင်းများနှင့် ပေါင်းစပ်မိသည့်အခါ အဆောက်အဦ ယိုယွင်းပျက်စီးမှုကို ပိုမိုမြန်ဆန်စေပါသည်၊ ကွန်ကရိလမ်းများနှင့် တံတား များတွင် ASR ဖြစ်ပေါ်လာလျှင် ကွဲအက်လာရာမှတဆင့် ပြင်ပမှ ရေများ၊ ရေခဲပျော် ဆားများတွင်ပါဝင်သည့် အယ်လ်ကာလီများ ထပ်မံဝင်ရောက်လာကာ ပျက်စီးမှုကို ပိုမို မြန်ဆန်စေပါသည်။

4. အယ်လကာလီ-ဆီလီကာ ဓါတ်တုံ့ပြန်ခြင်းဖြစ်စဥ် (ASR)
၂၀ ရာစု နှောင်းပိုင်းနှစ်များတွင် သဲ၊ ကျောက်တို့နှင့် ကွန်ကရိအတွင်းရှိ ဘိလပ်မြေအနှစ် တို့အကြား အန္တရာယ်ရှိသည့် ဓါတ်ပြုမှုများ ဖြစ်ပေါ်သည်ကို လေ့လာတွေ့ရှိခဲ့ ကြပါသည်၊ အများဆုံးတွေ့ရသောတုံ့ပြန်မှု မှာ သဲ၊ ကျောက်ထဲတွင် ပါဝင်သည့် တုံ့ပြန်စွမ်းဆီလီကာများ နှင့် ဘိလပ်မြေအတွင်းပါဝင်လာသည့် အယ်ကာလီများ အကြား ဓါတ်ပြုမှု ဖြစ်ပါသည်။

ဓါတ်ပြုခြင်းသည် သဲ၊ ကျောက်ထဲတွင် ပါဝင်လာသည့် ဆီလီကာသတ္ထုဓါတ်များအား ဘိလပ်မြေထဲမှ ပါဝင်လာသည့် ဆိုဒီယမ်အောက်ဆိုဒ် (Na2O) နှင့် ပိုတက်ဆီယမ် အောက် ဆိုဒ် (K2O) စသည့် အယ်လ်ကာ လီများမှအစပြုပြီး ရေစိမ့်လမ်းကြောင်းထဲတွင် ဖြစ်ပေါ်လာသည့် အယ်လ်ကာလီဟိုဒ်ဒြောက်ဆိုဒ်များက တိုက်ခိုက်လိုက်ခြင်းက စတင်လာပါ သည်။

ထိုကဲ့သို့ တုံ့ပြန်စွမ်းဆီလီကာများ နှင့် ဘိလပ်မြေအတွင်းပါဝင်လာသည့် အယ်ကာလီများအကြား ဓါတ်ပြုမှု ဖြစ်ပေါ်လာသည့်အခါ သဲ၊ကျောက်တို့၏ မျက်နှာပြင်တွင် ဂျယ်လ်အလွှာ ဖွဲ့စည်း ဖြစ်ပါ်လာပါသည်၊ ထို ဂျယ်လ် က ရေကို စုပ်ယူပြီးကျယ်ပြန့်လာသည့်အခါ ထုထည်ပွလာပါသည်၊ ထိုအခါ သဲ၊ ကျောက်တို့၏ ပတ်လည်တွင် တွန်းကန်အား ဖြစ်ပေါ်လာကာ ကွန်ကရိ အက်ကွဲခြင်း ဖြစ်ပေါ်လာပါတော့သည်။

ထို့ကြောင့် ကွန်ကရိအတွင်းမှ အားကူသံချောင်းသံချေးတက်ပြီး ထုထည်ပွလာကာ ကွန်ကရိကို တွန်းကန်ပြီး ကွဲအက်ပုံဖြစ်စဥ်နှင့် ဆင်တူသည့်အတွက် “ကျောက်ချေးတက်ခြင်း” ဟု စာရေးသူအနေဖြင့် မြန်မာစကားလုံးသစ်တစ်ခု မွေးဖွားပေးလိုက်ခြင်း ဖြစ်ပါသည်။

5. မြန်မာပြည်မှ ကျောက်၊ သဲ များ၏ ဓါတ်တုံ့ပြန်မှု
သဲနှင့်ကျောက်တို့၏ ASR တုံ့ပြန်သတ္တိကို စမ်းသပ်နိုင်သည့်ဓါတ်ခွဲခန်း မြန်မာပြည်၌ ရှိ၊ မရှိ သေချာမသိရသေးပါ၊ လွန်ခဲ့သော (၂) နှစ်ခန့်က ရန်ကုန်နည်းပညာတက္ကသိုလ်တွင် စမ်းသပ်နိုင်ရန် စီစဥ်နေကြောင်း သိရှိခဲ့ဘူးပါသည်၊ ထိုအချိန်ထိ မြန်မာပြည်မှ သဲ၊ ကျောက်များ၏ ASR တုံ့ပြန်သတ္တိကို စမ်းသပ်လိုပါက ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများသို့ နမူနာများ ပို့ဆောင် စမ်းသပ်ကြရပါသည်၊ အောက်ပါတို့မှာ စီမံကိန်းတစ်ခုအတွက် စင်ကာပူ ဓါတ်ခွဲခန်းတွင် စမ်းသပ်ချက် ရလာဒ်များ ကောက်နှုတ်ချက် ဖြစ်ပါသည်၊ စမ်းသပ်ခဲ့သည့် နမူနာများမှာ
  • သီလဝါသဲ နှင့် ဝမ်းဘဲအင်းသဲ
  • မြစ်ကျောက် နှင့် ခွဲကျောက် တို့ ဖြစ်ကြပါသည်။
အထက်ဖေါ်ပြပါ ဓါတ်ခွဲခန်း စမ်းသပ်ချက်ရလာဒ်များကို ကြည့်လျှင် သီလဝါသဲ၊ ဝမ်းဘဲအင်းသဲ နှင့် မြစ်ကျောက်များအားလုံး အန္တရာယ်ရှိသည့် တုံ့ပြန်သတ္တိရှိကြသည်ကို တွေ့ရသည့်အတွက် ပြုပြင်မွမ်းမံခြင်း မပြုပဲ ကွန်ကရိ ဖျော်စပ်ရာတွင် အသုံးမပြုသင့်ကြောင်း တွေ့ရှိရပါသည်၊ ခွဲကျောက်မှာမူ ဓါတ်ပြုမှုကြောင့် ကျယ်ပြန့်သည့်ပမာဏ ခွင့်ပြုတန်ဖိုးထက် လျော့နည်းသည့်အတွက် အန္တရယ်မရှိသည့် အမျိုးအစားတွင် ပါဝင်သဖြင့် ကွန်ကရိဖျော်စပ် ရာတွင် အသုံးပြုနိုင်ပါသည်။

6. ASR ‌ကြောင့် အက်ကွဲခြင်းကို မည်သို့ ကြိုတင်ကာကွယ်မည်နည်း
  • အယ်လ်ကာလီ ပါဝင်မှုနည်းသည့် ဘိလပ်မြေကို သုံးပါ...
  • ဓါတ်တုံ့ပြန်မှု မရှိသော ကျောက်၊ သဲ တို့ကို ရွေးချယ်အသုံးပြုပါ...
  • ကွန်ကရိ အရည်အသွေး၊ သယ်ဆောင်ခြင်း၊ သွန်းလောင်းခြင်းတို့ကို ကောင်းမွန်စွာ ပြုလုပ်ပါ...
  • သဘာဝပိုဇိုလန်၊ Fly ash, Slag, Silica Fume စသည့် ပိုဇိုလန်သတ္တိရှိသည့် ဘိလပ်မြေအပိုဆောင်း ပစ္စည်းများကို ထည့်သွင်းသုံးစွဲပါ...
  • ASR-inhibiting compound admixture များ ထည့်သွင်းသုံးစွဲပါ...
တည်ဆောက်ပြီး ကွန်ကရိအဆောက်အဦကို ဖြစ်နိုင်သမျှ ‌ခြောက်သွေ့နေပါစေ၊ ASR ကြောင့် ကျယ်ပြန့်ပြီး အက်ကွဲခြင်းဖြစ်နိုင်ရန် အစိုဓါတ် လိုအပ်ပါသည်။ စိုလိုက်၊ ခြောက်လိုက်ဖြစ်လျှင် ASR ဖြစ်နိုင်ခြေများသည်။
အနှစ်ချုပ်အားဖြင့် အယ်လကာလီနှင့် ဆီလီကာတုံ့ပြန်သတ္တိရှိသည့် သဲ၊ ကျောက်တို့ ဓါတ်ပြုမှု‌ကြောင့် ကွန်ကရိ ကွဲအက်ပျက်စီးခြင်းသည် တည်ဆောက်ပြီးချက်ခြင်းမသိနိုင်ပဲ ၁၀နှစ်မှ ၁၅နှစ်ခန့် အချိန်ကြာမှသာ သိနိုင်မည် ဖြစ်သည့်အတွက် ပေါ့ပေါ့တန်တန် သဘောမထားပဲ သေချာလေ့လာ၊ ကြိုတင်ပြင်ဆင်ပြီး လိုအပ်သည့် ကာကွယ် နည်းများကို လိုက်နာကျင့်သုံးခြင်းဖြင့် ကျောက်ချေးတက်ခြင်းကိုလည်း သံချေးတက်ခြင်းကဲ့သို့ ဂရုစိုက်သင့်ပါ‌ ကြောင်း တိုက်တွန်းအပ်ပါသည်။ ။

စန်းနွယ်

Civilization magazine issue 8 တွင်ဖော်ပြခဲ့ပြီးသော ဆောင်းပါးရှင် ဆရာစန်းနွယ် ၏ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။









Post a Comment

0 Comments