ဒီနေ့ခေတ်မှာ လူသိများတွင်ကျယ်လာတဲ့ ပိုင်တိုင်အုတ်မြစ် အကြောင်းကို ဆွေးနွေးတင်ပြပါမယ်။ ပိုင်တိုင် အကြောင်း မဆွေးနွေးမီ အခြေခံသိသင့်တာလေးတွေကို ပထမဆွေးနွေးကြည့်ရအောင်ပါ။
အဆောက်အအုံ ၊ တံတားရေစင် မျှော်စင်နဲ့ မိုးမျှော်တိုက်ကြီးတွေကို မြေပြင်ပေါ်မှာတည်ဆောက်ရာမှာ မြေကြီးထဲကို ခိုင်ခိုင်ခံ့ခံ့ ထည့်သွင်းတည်ဆောက်မှသာ ပြိုပျက်ခြင်း၊နိမ့်ကျခြင်းကင်းဝေးပြီး နေထိုင်သူတွေအန္တရာယ်ကင်းမယ်ဆိုတာ အားလုံးသဘောပေါက်ပြီးဖြစ်မှာပါ။ အမြစ်ကုပ်အားကောင်းတဲ့ အပင်များဟာ လေဒဏ်မိုးဒဏ်ပိုခံနိုင်ပြီး အပေါ်ယံရှပ်ရှပ်ကလေး အမြစ်စွဲထားတဲ့အပင်များဟာ ကျွတ်ထွက်လွယ်တဲ့သဘောနဲ့ဆင်တူပါတယ်။အင်ဂျင်နီယာတွေ လက်တွေ့လိုက်နာကျင့်သုံးနေတဲ့ အုတ်မြစ်အမျိုးအစားများကတော့ ချုပ်လိုက်ရင် နှစ်မျိုးပဲ ရှိပါတယ်။ (၁) တွင်းတိမ် သို့မဟုတ် ကျင်းတိမ် ၊ (၂ ) တွင်းနက် သို့မဟုတ် ကျင်းနက်အုတ်မြစ်တို့ပဲဖြစ်ပါတယ်။
တွင်းတိမ် (သို့မဟုတ်) ကျင်းတိမ်အုတ်မြစ်
( Shallow Foundation)
အဆောက်အအုံအထပ်သိပ်မမြင့်၊ အလေးဝန်နည်းတဲ့နေရာမျိုး ၊ အပေါ်ယံမြေအမျိုးအစားကောင်းပြီး မာကျောတဲ့နေရာမျိုး၊ ဝန်ထမ်းအား( Bearing capacity of soil ) ကောင်းတဲ့ မြေမျိုးတွေမှာ Shallow Foundation ကိုသုံးကြပါတယ်။
မြေအနက် ဘယ်နှပေအထိကို Shallow Foundation လို့ခေါ်ပြီး ဘယ်နှပေရဲ့အောက်ခြေကို ကျင်းနက်လို့ သက်မှတ်ချက်တော့ မရှိပါဘူး။ ကမ္ဘာ့မြေမျက်နှာပြင်ကို ပေ ၅၀၊၆၀၊၁၀၀ စသည်ဖြင့် တွင်းတူးစမ်းသပ်တဲ့အခါ အပေါ်ယံပေ ၂၀ ၊၃၀ လောက်က မာကျောပြီး အဆောက်အအုံကို ထမ်းထားနိုင်မယ့်လို့ ယူဆရင် Shallow Foundation အမျိုးအစားကို ရွေးချယ်အသုံးပြုကြတာပါပဲ။ ဒါကိုတော့ အဆောက်အအုံဒီဇိုင်းထုတ်သူ Designer က မြေအားစမ်းသပ်ချက်အစီအရင်ခံစာ ( Soil Investigation Report ) အပေါ်သုံးသပ်ပြီး ဆုံးဖြတ်ပါတယ်။ အဆောက်အအုံ အထပ်သိပ်မမြင့် ၊ အလေးဝန်နည်းပေမယ့် အပေါ်ယံမြေအမျိုးအစား ညံ့ဖျင်းပြီး ဝန်ထမ်းအား နည်းခဲ့ရင်တော့ Shallow Foundation ကို မသုံးဘဲ ရှောင်ရှားရမှာဖြစ်ပါတယ်။
တွင်းနက် (သို့မဟုတ်) ကျင်းနက်အုတ်မြစ်
( Deep Foundation)
( Deep Foundation)
အဆောက်အအုံ အထပ်ကလည်းမြင့်မယ်၊ အလေးဝန်လည်းများမယ်၊ အပေါ်ယံမြေအမျိုးအစားကလည်းညံ့မယ်၊ ဝန်ထမ်းအားကောင်းတဲ့ မြေမျိုးကို ပေ ၅၀ ၊၁၀၀ မှာမှ တွေ့မယ်ဆိုရင်တော့ Deep Foundation ကို သုံးကြရပါမယ်။ Deep Foundation ဆိုတာ မြေကြီးထဲကို သစ်သား၊ သံပိုက်လုံး ၊ သံထည် ၊သံချောင်း၊ ကွန်ကရစ်တိုင်များကို သင့်လျော်သလို ရိုက်သွင်း၊ ဖိသွင်း၊ တွင်းတူးထည့်ပြီး မြေပျော့ကိုဖြတ်ကာ အဆောက်အအုံရဲ့ အလေးချိန်ကို မြေမာပေါ်ထောင်ခိုင်းထားတာပါပဲ။ အမြစ်ရှည်ရှည်နက်နက်စွဲထားတဲ့ သစ်ပင်ကို ဥပမာပြုရမှာပါ။
ကျင်းနက်အုတ်မြစ်နဲ့ ကျင်းတိမ်အုတ်မြစ်အကြောင်းသိပြီးရင် မြေလွှာတွေအကြောင်းဆက်ကြရအောင်။ အရေးကြီးတဲ့ တည်ဆောက်ရေး လုပ်ငန်းတိုင်းမှာ မြေအားစမ်းသပ်မှု ( Soil Investigation Test) ပြုလုပ်လေ့ရှိပါတယ်။
မြေအားစမ်းသပ်ချက်အစီရင်ခံစာ (Soil Investigation Report ) ပါ အကြံပြုချက်တွေကို သုံးသပ်ပြီး ဘယ်လိုအုတ်မြစ်အမျိုးအစားနဲ့ တည်ဆောက်သင့်တယ်ဆိုတာကို Designer က ဆုံးဖြတ်တာပါ။
မြေစမ်းတယ်ဆိုတာ နှစ်လက်မအချင်းရှိတဲ့ သံပိုက်လုံးကို မြေကြီးထဲ ရိုက်ထည့်ပြီး မြေနမူနာယူတာပါပဲ။ သံပိုက်လုံး မြေဝင် တစ်ပေဝင်အောင် ရိုက်ရတဲ့ အချက်ကို N (SPT Value ) လို့ မှတ်သားပါတယ်။ မြေပျော့ရင် ရိုက်ချက်နည်းနည်းနဲ့ တစ်ပေဝင်ပြီး ( N value နည်းပြီး) မြေမာရင်တော့ ရိုက်ချက်များမှ တစ်ပေဝင်မယ် ဆိုတာကို အားလုံး သိပြီး ဖြစ်မှာပါ။မြေအလွန်အကျွံမာရင် သံပိုက်လုံးတောင် ရိုက်ထည့်လို့ မရတော့ပါဘူး။
မြေစမ်းသပ်ချက် အစီရင်ခံစာပါ မြေလွှာဖြတ်ပိုင်းပုံ( Soil Profile ) နမူနာ (၁) မှာ အပေါ်ယံမြေလွှာကနေ (၄၀) ပေ အထိ မြေပျော့နေတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ မြေလွှာထဲမှာသာ အုတ်မြစ်ချလို့ကတော့ မလွဲမသွေ အဆောက်အအုံ နိမ့်ကျ ပြိုကျမှာပါ။ ဒီလိုမြေအမျိုးအစားမှာ Deep Foundation နဲ့ တည်ဆောက်မှ ခိုင်ခံ့ မှာအသေအချာပါပဲ။ ဒီအမျိုးအစားကို မြစ်ဝကျွန်းပေါ် ဒေသ ပင်လယ်ပိုင်းတွေကို တွေ့ရလေ့ရှိပါတယ်။
Soil Profile နမူနာ (၂) မှာတော့ အပေါ်ယံမြေလွှာမာကျောပြီး အောက်လွှာပျော့တဲ့ မြေအမျိုးအစားကို တွေ့ရမှာပါ။ အပေါ်ယံမြေမာကို အားကိုးပြီါ် ဖောင်ဒေရှင်းချမိလို့ကတော့ မကြာခင်ပဲ မြေမာခါးကျိုးပြီး နိမ့်ကျ ပြိုကျမှုဖြစ်တာတွေ့ရပါလိမ့်မယ်။ ထောင်ချောက်ဆင်ထားသော မြေလွှာလို့ခေါ်ရမှာဖြစ်ပါတယ်။ ဒီအမျိုးအစားကို ဧရာဝတီတိုင်း၊ ပုသိမ် ၊ မြောင်းမြ ၊ မအူပင်ဘက်တွေမှာ တွေ့ရလေ့ရှိပါတယ်။
Soil Profile နမူနာ (၃) မှာတော့ အပေါ်ယံမြေကနေစပြီး N တန်ဖိုးထိမာနေတာကိုတွေ့ရမှာပါ။ အဆောက်အအုံငယ်များ၊ အလေးချိန်နည်းတဲ့ အဆောက်အအုံများကို Shallow Foundation နည်းနဲ့ တည်ဆောက်နိုင်ပြီး အလေးချိန် များတဲ့ တံတားကြီးများ ၊ မိုးမျှော်တိုက်များ Major Bridges and Sky Scrapers (Tall Buildings or High Rise ) မှာတော့ Deep Foundation အမျိုးအစားကို သုံးစွဲရမှာပါ။
ကျင်းနက်အုတ်မြစ်၊ ပိုင်တိုင်အုတ်မြစ် (Pile Foundation ) တွေကို သစ်သားသံထည်၊ သံပိုက်လုံး ၊ကွန်ကရစ်၊ သံကူကွန်ကရစ်စတဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ ဆောက်ရွက်လေ့ရှိပါတယ်။ တည်ဆောက်နည်းကတော့ ရိုက်သွင်းနည်း ( Driving )၊ ဖိသွင်းနည်း ( Pressing)၊ တွင်းတူးနေရာများတွင် သွန်းလောင်းနည်း (Bored or Drilled and Cast in place ) ရယ်လို့ ရှိကြပါတယ်။
သစ်သားပိုင်တိုင်များကိုတော့ ထိပ်တစ်ဖက်ချွန်ပြီး မြေကြီးထဲရိုက်ထည့်တာပါပဲ၊ ဖိသွင်းလို့လည်းရပါတယ်။ သစ်သားတံတားတွေ ၊ရှေးရှေးက မြေနိမ့်ရေလျှံဒေသအဆောက်အအုံများမှာ အသုံးပြုထားတာ တွေ့ရမှာပါ။ သံထည် (C,H, I Sections ) နဲ့ သံပိုက်လုံး (Steel Pipes ) ပိုင်တိုင်များကိုတော့ အောက်ခံ အချွန် (Shoe ) တပ်ဆင်ပြီး ရိုက်ထည့် ဖိထည့်ပါတယ်။စက်ရုံအလုပ်ရုံအဆောက်အအုံတွေ ၊ ဆိပ်ခံဘောတံတားများမှာ အများဆုံးအသုံးပြုတာတွေ့ရမှာပါ။
ကွန်ကရစ်၊ သံကူကွန်ကရစ်ပိုင်တိုင်များကိုတော့ ကြိုတင်သွန်းလောင်းပြီး ရိုက်ထည့်ဖိထည့်ခြင်းနည်း( Precast and Driven or Pressed ) နဲ့ ကျင်းတူးပြီး နေရာတွင် ကွန်ကရစ်သွန်းလောင်းခြင်းနည်း(Bored or Drilled and Cast in place ) များနဲ့ ဆောင်ရွက်ကြရပါတယ်။ ကြိုတင်သွန်းလောင်းပြီး ရိုက်ထည့် ဖိထည့်ခြင်းနည်း Precast and Driven or Pressed) ဆိုတာကတော့ ကွန်ကရစ်ပိုင်တိုင်များကို လိုချင်တဲ့ အရွယ်အစား အရှည်ပုံသဏ္ဍာန် ကြိုတင် သွန်းလောင်းထားပြီး သက်တမ်းပြည့် အားပြည့်တဲ့အခါ မြေကြီးထဲကို ဖိသွင်း ရိုက်သွင်းခြင်းပဲ ဖြစ်ပါတယ်။ သူတို့ကိုတော့ Precast Driven Pile / Pre-Cast Pressed Pile လို့ခေါ်ဝေါ်ကြပါတယ်။
ကျင်းတူးပြီး နေရာတွင် ကွန်ကရစ်သွန်းလောင်းခြင်းနည်း ဆိုတာကတော့ မြေကြီးထဲကို လိုဏ်ခေါင်းတွင်း ဖြစ်အောင် တစ်နည်းနဲ့ တူးမယ်၊ RC ဆိုရင် သံခြင်းချကွန်ကရစ်လောင်းမယ်။ RC မဟုတ်ရင် Plain Concrete လောင်းမယ် ။ အဲ့ဒီလို ဆောင်ရွက်ကြတာပါ။ အခြေခံအချက်အလက် တချို့သိထားပြီးပြီဆိုရင် ကျွန်တော်တို့ ဘိုးပိုင်စတူးကြည့်ရအောင်။
နေရာပြင်ဆင်ခြင်း
ဘိုးပိုင်မတူးမီ စက်အထိုင်ချဖို့နဲ့ လိုအပ်တဲ့ အထောက်အကူ ပစ္စည်းများထားဖို့ မြေနေရာရှင်းရပါမယ်။ မြေနေရာညှိရပါမယ်။ အဝင်အထွက်လမ်း ( Access) လည်း ရှိရပါမယ်။ ကိုယ်တူးမယ့် ဘိုးပိုင်နေရာများကို မြေပြင်မှာ ပန္နက်ရိုက်ရပါမယ်။ အတွင်းအကျဆုံး ဘိုးပိုင်ကစပြီး တူးဖို့ ဘိုးပိုင်တူးစက် (Drilling Rig or Bored Piling Machine ) ကို နေရာချထားရပါတယ်။ Drilling Rig or Bore Piling Machine ဆိုတာ Crawler Crane, Engine , Winch Assembly , Boring Mast/Drilling Mast နဲ့ Kelibar ကို တွဲထားတာပါပဲ။ တချို့က ဖြုတ်တပ်လို့ရပြီး တချို့က တစ်စီးတည်းအပြီး တပ်ဆင်ထုပ်လုပ်ထားတာပဲ ကွာပါတယ်။ တွင်းတူးစက်ကို ရေချိန်ညီ မတ်မျဉ်းအရ Vertical ကျအောင် Adjust လုပ်ပါတယ်။ Position လည်းရပြီး၊ Vertical လည်းရပြီဆိုရင် တွင်းတူးလုပ်ငန်းစပါတော့မယ်။
Stand Pipe ရိုက်မယ်
ပထမဦးဆုံး Stand Pipe ကို ရိုက်သွင်းရပါမယ်။ Stand Pipe ဆိုတာ မိမိတူးလိုတဲ့ ဘိုးပိုင်အချင်းထက် နည်းနည်း Size ကြီးထားတဲ့ သံပိုက်လုံးပါပဲ။ တစ်မတ်ထု (သို့မဟုတ် ) သုံးမူးထု သံပြား(1/4” to 3/8 Mild Steel Plate ) နဲ့ လုပ်ထားတာပါ။ မြေအချိုးအစားအရ မြေကြီးထဲကို 3 Meters to 5 Meters ထိဝင်အောင် တုန်ခါစက် Vibro hammer နဲ့ ရိုက်သွင်းရပါတယ်။ မြေပေါ်ကိုတော့ Site Condition အရ 1 meter to 2.5 metersပေါ်ပါတယ်။ Stand Pipe ရိုက်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ Pile Position မှန်ဖို့နဲ့ မြေကြီးထဲ စအဝင်မှာ အတိမ်းအစောင်းမရှိ တည့်တည့်ဝင်အောင် Guide လုပ်တဲ့ သဘောပါပဲ။ ရေထဲမှာတူးရရင်တော့ ရေစီးဒဏ်ခံနိုင်ဖို့ ၊ အလုပ်လုပ်ရလွယ်ကူဖို့ ၊ ကွန်ကရစ်လောင်းလို့ရအောင် စတဲ့ အချက်တွေအတွက်ပါပဲ။
Stand Pipe ရိုက်ပြီးရင်တော့ Stand Pipe ထဲကို Bentonite Solution ထည့်ဖို့လုပ်ရမှာပါ။ Bentonite Solution ဆိုတာ Bentonite မြေဖယောင်းမှုန့်တွကို ရေနဲ့ ဖျော်ထားတာပါ။ မြေဖယောင်းကို တံတားဦး ၊ ကျောက်ပန်းတောင်း စတဲ့ ပြည်တွင်းနေရာတွေမှာ ရနိုင်သလို နိုင်ငံခြားကလည်းတင်သွင်းပါတယ်။ Bentonite Solution ဟာ Specific Gravity 1.05 to 1.09 ရှိရပါမယ်။ Bentonite Solution ထည့်ရတဲ့ ရည်ရွယ်ချက်ကတော့ မြေကြီးထဲက ထွက်လာမယ့်ရေ (Pore Water /Underground Water ) ကို ထွက်မလာအောင် သူ့ထက် Density များတဲ့ Solution နဲ့ ကန့်ထားဖို့ပါ။ နောက်တစ်ခုက အစေးဓာတ်ကပတဲ့ မြေဖယောင်းအရည်နဲ့ တူးပြီးသားတွင်းနံ့ရံကို မြေမပြိုအောင် လိမ်းကျံထားဖို့ပါ။ ဒီနေရာမှာ တူးမယ့် ကျင်းအနက်အရလိုအပ်မယ့် Solution ကို ကြိုတင်ဖျော်ထာဖို့ တွင်းတူးနေစဉ် Bentonite Solution ကို တွင်းနက်သည်နှင့်အမျှ တွင်းထဲလိုက်ထည့်နေဖို့ လိုအပ်ပါတယ်။
တွင်းတူးပြီ
သာမန်မြေ၊ မြေပွ ၊ သဲဆန်တဲ့မြေ ၊နုန်းမြေတွေမှာ Bucket နဲ့ တူးပါတယ်။ Bucket နဲ့တူး လိုက် ပါလာတဲ့ မြေကြီးကို Crane ဘေးတိုက် Swing လုပ်ပြီး သွန်လိုက်နဲ့ ကျင်းဟာ တဖြည်းဖြည်းနက်လာပါတယ်။ တွင်းတူး ကာလတလျှောက် မြေမာ မြေကျစ်တွေ့ရင်တော့ Bucket ကိုဖြုတ် ၊ Auger ကိုပြောင်းတပ်ပြီးတူးရပါတယ်။ ကျင်းနက်လာတာနဲ့ အမျှ မြေဖယောင်းဖျော်ရည်ကို လိုက်ထည့်လိုက်နဲ့ တွင်းတူးလာလိုက်တာ နောက်ဆုံး လိုချင်တဲ့ အချိန်အရောက်မှာ ကွန်ကရစ်လောင်းဖို့အဆင့်ကို ရောက်ရှိလာပါပြီ။
တွင်းတူးခြင်းလုပ်ငန်းဟာ တွင်းအရွယ်အစားအနက်၊ မြေအမျိုးအစားပေါ်မူတည်ပြီး ကြာတတ်တာမို့ အတိအကျ အချိန်သတ်မှတ်ပြောလို့မရပါဘူး။ တူးပြီးရင်လည်း ရပ်နားထားလို့မရဘဲ ကွန်ကရစ် ဆက်လောင်းရမှာမို့ နေ့ည အဆက်မပြတ် လုပ်ရတဲ့ အလုပ်အမျိုးအစားဖြစ်ကြောင်း သတိပြုရမှာပါ။
ကွန်ကရစ်လောင်းဖို့ပြင်ဆင်ကြစို့
ကွန်ကရစ်မလောင်းမီ ပြင်ဆင်ရေးတွေလုပ်ကြရအောင်။ ပထမဆုံး သံခြင်း ( Reinforcement Cage/Steel Cage) ချမယ်။ Steel Cage ရဲ့ အများဆုံးရနိုင်တဲ့ အရှည်ဟာ ၄၀ ပေထိဖြစ်တယ်။ တွင်းအနက် ပေ ၁၀၀ ကျော်ဆို ၃ ပိုင်း ဆက်ရမှာဖြစ်တယ်။ အဆက် (Joint ) ကတော့ ၂ ခုပေါ့။ ပထမပိုင်းကို ချမယ်။ Stand Pipe ထိပ်မှာ သစ်သားတုံး ကန့်လန့်ခံပြီး တွဲလောင်းချိတ်ထားမယ်။ ဒုတိယပိုင်းကို အပေါ်က ထပ်ဆက်မယ်။ Main Bar ခြင်းထပ်ပြီး သံဂဟေနဲ့ ဆက်မယ် ။ ခိုင်အောင်ဆက်မယ်။ အလုပ်လုပ်ချိန်က နာရီဝက်ကနေ တစ်နာရီကြာပါတယ်။
Tremie Plan ချကြမယ်
အဲ့ဒီလိုနဲ့ Steel Cage ချပြီး သွားတော့ ရေအောင်ကွန်ကရစ်လောင်းတဲ့ နည်းစနစ်အရ ကွန်ကရစ်လောင်းဖို့ ပြင်ဆင်ရပြန်တယ်။ အဲ့ဒါကို Tremie Pipe ချတယ်လို့ခေါ်ပါတယ်။ Tremie Pipe ချတယ်ဆိုတာ အချင်း ၈-၁၀ လက်မ အရှည် ၇ပေလောက်ရှိတဲ့ သံပိုက်တွေကို တွင်းအောက်ခြေရောက်အောင် ဆက်ဆက်ပြီး ချတာပါပဲ။ ထိပ်မှာတော့ ကန်တော့တပ်တာပေါ့။ Tremie Pipe ချချိန်ကတော့ အနည်းဆုံး မိနစ် ၃၀ ကနေ တစ်နာရီပါပဲ။
Desanding လုပ်ကြရအောင်
တွင်းတူးစဉ်က မွှေနှောက်ထားတဲ့ Bentonite Solution ထဲမှာ သာမန်အားဖြင့် သဲနုန်းမြေကြီးတွေ ပေါလောမျောနေမယ်ဆိုတာ သေချာသလောက်ပါပဲ။ Cohessive Soil ဖြစ်တဲ့ ရွှံ့မြေမှာတော့ ပေါလောမျောပါမှု မရှိသလောက် ဖြစ်မှာပါ။ အဲဒီသဲနုန်းမြေမှုန်တွေဟာ သံခြင်းချစဉ်၊ Tremie Pipe ချစဉ်မှာ အနယ်အနှစ် အောက်ခြေမှာ ထိုင်နေမှာဖြစ်ပါတယ်။ အဲ့ဒီ အနှစ်ပျော့တွေပေါ်မှာ ကွန်ကရစ်လောင်းလိုက်လို့ကတော့ မကြာခင်မှာ ဖောင်ဒေးရှင်းနိမ့်ကျပြီး ကွဲအက်ပျက်စီးမှာ အသေအချာပါပဲ။ ဒါကြောင့် မြေအနေအထားပေါ် မူတည်ပြီး သဲနုန်းထိုင်နိုင်ခြေရှိပါက သဲနုန်းတွေကို စုပ်ထုပ်ပစ်ရမှာပဲဖြစ်ပါတယ်။ အောက်က မြေမာပေါ်အောင် သဲနုန်းစုပ်ထုတ်တာကို Desanding လုပ်တယ်လို့ခေါ်တာပါ။ လုပ်ဆောင်ချက်ကတော့ တူးပြီး တွင်းအောင်ခြေထိ လေပိုက်လေပြန်ပိုက်ချပြီး Air Compressor နဲ့ မှုတ်ထုတ်တာပါပဲ။ အောက်ကတက်လာတဲ့ မြေဖယောင်းအရည်ထဲမှာ သဲနုန်းမပါလာရင်တော့ Desanding လုပ်ငန်းပြီးပြီးပေါ့။
ကွန်ကရစ် လောင်းကြစို့
အရေးသိပ်မကြီးတဲ့ လုပ်ငန်းတွေအတွက် ကွန်ကရစ်လောင်းရာမှာတော့ အနီးအနားမှာတင် Portable Concrete Mixer အသုံးပြုဖျော်စပ်လောင်းလို့လည်း ရပါတယ်။ အရေကြီးတဲ့လုပ်ငန်းများအတွက် ကွန်ကရစ်လောင်းရာမှာတော့ အနီးအနားမှာတင် Portable Concrete Mixer အသုံးပြုဖျော်စပ်လောင်းလို့လည်းရပါတယ်။ အရေးကြီးတဲ့ လုပ်ငန်းများအတွက် ကွန်ကရစ်လောင်းရာမှာတော့ Concrete Batching Plant အသုံးပြု ဖျော်စပ်လောင်းရမှာဖြစ်ပါတယ်။ကွန်ကရစ်ရဲ့ ခံနိုင်အားကတော့ Designer သတ်မှတ်ပေးတဲ့အတိုင်း ဖြစ်ပါတယ်။ သေချာတာကတော့ Vibrator အသုံးပြုမရနိုင်တာမို့ Self Compacting Concrete အမျိုးအစားဖြစ်ပါတယ်။ ကွန်ကရစ်ရဲ့ အပျော့အမာ (Workability) ကိုချိန်ဆရမှာဖြစ်ပါတယ်။ ကွန်ကရစ်လောင်းတာနဲ့ တစ်ချိန်တည်းမှာ လျှံတက်လာတဲ့ မြေဖယောင်းဖျော်ရည်ကိုလည်း ပြန်စုပ်ထုပ်သိမ်းဆည်းရမှာဖြစ်ပါတယ်။ ကွန်ကရစ် Level မြင့်တက်လာရာက Stand Pipe ထဲဝင်လာပြီး ကွန်ကရစ်လောင်းပြီးတဲ့ အချိန်ကနေ (၁-၃) နာရီအကြားမှာ Stand Pipe ကို ညင်ညင်သာသာ ဆွဲနှုတ်ရမှာ ဖြစ်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ကျော်နိုင်




0 Comments